စာရေးသူတို့ဆီမှာ လူငယ်တွေပညာသင်ဆုရချင်ကြတယ်။ တိုးတက်အောင်မြင်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ကြတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သာ အဓိကဖြစ်တယ်။
ဒီမှာက သူများနိုင်ငံတွေမှာလို ထောက်ပံ့ကြေးတို့၊ လူမှုဖူလုံရေးတို့ရှိတာ
မဟုတ်ဘူး။ ဟိုနိုင်ငံတွေမှာက လူတစ်ဦးချင်းစီရဲ့ တိုးတက် မှုနဲ့
တိုင်းပြည်တိုးတက်မှု၊ တိုင်းပြည်တိုးတက်မှုနဲ့ လူတစ်ဦးချင်းစီရဲ့ တိုးတက်မှုက
ဆက်စပ်နေတယ်။ မြင်အောင်ပြောရရင် သူတို့ဆီမှာ နိုင်ငံသားတစ်ယောက်အတွက်
ပညာရေး၊ စီးပွားရေးအခွင့်အလမ်း တွေကြိုးစားရင် ကြိုးစားတဲ့သူကို အထောက်အပံ့ဖြစ်စေတဲ့ ဝန်းကျင်တွေ ထင်သာမြင်သာရှိတယ်။ နိုင်ငံသားတစ်ယောက် ချမ်းသာလာရင်နိုင်ငံတော်ကို အခွန်ဆောင်တယ်။ နိုင်ငံတော်က အခွန်ရတယ်။ အခွန်ရတော့ လူမှုဖူလုံရေးလို၊ မြို့ပြဖွံ့ဖြိုးရေးလိုနေရာမျိုးမှာ ပိုသုံးနိုင်တယ်။ စာရေးသူတို့ဆီမှာတော့ ချမ်းသာအဆင်ပြေလာလို့ အခွန်ဆောင်ချင်ရင်တောင် အခွန်ရုံးတွေကို အယုံအကြည်မရှိကြဘူး။
ဘာတွေပြောနေနေ၊ ဘယ်လိုဆွဲဆောင်၊ ဆွဲဆောင် လူတွေကအစိုးရရုံးတွေနဲ့ မပက်သက်ချင်ဘူး။ ဒီတော့လူတွေက အခွန်လည်းမှန်မှန်မဆောင်၊ ဆောင်တဲ့အခွန်လည်း နိုင်ငံတော်က အပြည့်အဝမရဆို တော့ လူတွေကတော့ ချမ်းသာကောင်း ချမ်းသာသွားမယ်။ နိုင်ငံတော်ကတော့ ဒါကဒါဘဲ။ ဆိုလိုတာ က သူတို့ဆီမှာ၊ နိုင်ငံခြားမှာ နိုင်ငံသားတွေဖွံ့ဖြိုးတိုးတက်စေမယ့် ဝန်းကျင်တွေအများကြီးရှိတယ်။ ဖန်တီးပေးနိုင်တယ်။
စာရေးသူတို့ဆီမှာတော့ အဲဒီလိုကိုယ့်နိုင်ငံသားတွေကို မြေတောင်မြှောက်ပေးနိုင်တဲ့ ဝန်းကျင်ကနည်း တယ်။ တာဝန်ခံမှု တာဝန်ယူမှုလည်းမရှိဘူး။ ဒီတော့ နိုင်ငံသားတွေက အတ္တများလာတယ်။ အုပ်ချုပ် သူနဲ့ အုပ်ချုပ်ခံကြားထဲမှာ အပြစ်တွေမြင်လာတယ်။ အချင်းချင်းစာနာဂရုစိုက်စိတ်တွေ နည်းပါးလာ တယ်။ ပတ်ဝန်းကျင်နဲ့ နိုင်ငံတော်အပေါ် ယုံကြည်ကိုးစားမှုတွေ လျော့နည်းလာတယ်။ ဂရုစိုက်လိုက် ရင်သူ့အပူ ကိုယ့်ဆီကူးမယ်။ ကိုယ်လွတ်ဖို့၊ ကိုယ့်မိသားစုလွတ်ဖို့က အဓိကဖြစ်လာတယ်။ ကူညီလိုက် ခါမှ သူ့ဒုက္ခ ကိုယ့်ဒုက္ခဖြစ်တယ်ပေါ့။ စာရေးသူ ကိုယ့်လူမျိုးအချင်းချင်း ဝေဖန်တာ မကြာမကြာ ကြား ဖူးတယ်။
မြန်မာဆို မကူညီနဲ့၊ မကူညီကောင်းဘူးဆိုတာ မြန်မာက မြန်မာကိုပြောတယ်။ မြန်မာအသိုင်းအဝိုင်းကို ဝေးဝေးကရှောင်ကြတိမ်းကြတဲ့ မြန်မာတွေ နိုင်ငံရပ်ခြားမှာ အများကြီးရှိတယ်။ အဲဒီလို အချင်းချင်း ရှောင်ကြတိမ်းကြတဲ့အထဲမှာ ကိုယ့်ညီငယ်၊ ညီမငယ်တွေ မပါစေချင်ဘူး။ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ပဲစောင့်ရှောက်ရမယ်။ ပညာအခြေခံကြီးတဲ့သူတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ပြည်ပရောက်နေတဲ့ သူတွေလည်း တစ်နည်းနည်းနဲ့ မြန်မာပြည်ပြန်လာပြီး လူ့အသိုင်းအဝိုင်းကို အလုပ်အကျွေးပြုစေချင် တယ်။ ပြည်တော်ပြန်ရောက်တုန်းရောက်ခိုက်မှာလည်း ခိုကိုးရာမဲ့တွေ၊ သက်ကြီးရွယ်အိုတွေအတွက် အလှူအတန်းလေး တစ်ခုပဲဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျ လုပ်ပေးသွားစေချင်တယ်။ အခုတစ်လော မြန်မာပြည်မှာ စိတ်ဓာတ်တွေကျ၊ စိတ်ဓာတ်တွေပျက်ပြားပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု တွေ သိသိသာသာ တိုးလာနေတယ်။ ဒီမှာက သုတေသန (Research) တွေမရှိဘူးလေ။ ဘာလုပ် လုပ် စမ်းတဝါးဝါးပဲ။ ပညာရေးဆိုလည်း ဘယ်ကစကြရမှန်းမသိ။ ဘယ်လိုခရီးဆက်ရမှန်းမသိ။ စီးပွား ရေးဆိုလည်း မလုပ်ရဲမကိုင်ရဲကြ။ ဒီတော့ ဒီလိုမူမမှန်တဲ့ အခင်းအကျင်းတွေရှိနေတဲ့ နိုင်ငံမှာတိုးတက် ကြီးပွားဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရုန်းနိုင်မှရမယ်။ သေချာတာတစ်ခုက ကျွန်တော်တို့ အချင်းချင်း ပြန်ကြည့်ကြရမယ်။
မျှတပါစေ
တစ်ခုခုလုပ်ရင် ညီမျှမှု Balance ရှိရမယ်။ မျှမျှတတဖြစ်ရမယ်။ တချို့က ပညာသာတတ်တာ၊ ပညာ သာများတာ အစွန်းရောက်တယ်။ ငါ့ပညာကို လာမစမ်းနဲ့ဆိုတာမျိုးရှိတယ်။ အဝေဖန်မခံနိုင်ဘူး။ ဒီတော့ ရန်များတာပေါ့။ တချို့ကတော့ ပြည်ပမှသင်ခဲ့တာ၊ တတ်ခဲ့တာတွေ ပြည်တွင်းမှာ အသုံးချဖို့ ကြိုးစားတယ်။ ပြည်တွင်းအခြေအနေနဲ့ လိုက်လျောညီထွေမှုရှိအောင် မလုပ်ဘူး။ မလေ့လာဘူး။ ဒီတော့ပညာသာတတ်တယ်။ လူတွေက လက်မခံချင်ကြဘူးပေါ့။ တစ်ခါတစ်လေလည်း ဟိုလူလည်း မကောင်းဘူး။ ဒီလူလည်းမကောင်းဘူး။ ဟိုခေါင်းဆောင်လည်းမကောင်း၊ ဒီခေါင်းဆောင်လည်းမ ကောင်း၊ သူကပဲကောင်းနေသလိုလို။ မှားတာချင်း အတူတူဆိုရင် အမှားနည်းတဲ့သူကို ထောက်ခံရ မယ်။ အပြစ်တွေပဲတစ်ချိန်လုံးပြောနေ၊ မြင်နေရင် ကိုယ်က လူတွေနဲ့ကင်းကွာသွားတတ်တယ်။ တစ်ခါ တစ်လေ စာတွေဖတ်ရင်း ပညာတွေများလာရင် ဆရာကြီးစိတ် ဝင်လာတတ်တယ်။ အရာရာကို ဆရာ ကြီးအမြင်နဲ့ပြောရင်၊ ဝေဖန်ရင် လူတွေကချဉ်သွားတာ ခံရတတ်တယ်။ ဒီလိုနဲ့ လူတွေနဲ့ ဝေးဝေးသွား တဲ့သူတွေကို ကြုံခဲ့ရဖူးလို့ပါ။ တချို့ဆို အမျိုးသမီးအခွင့်အရေးသာ လုပ်နေတာ ဘုန်းနိမ့်မှာ ကြောက် နေတာတွေ့ဖူးတယ်။ ထမီတန်းအောက်ဝင်လို့ ဘုန်းနိမ့်တယ်တို့၊ ဘာတို့ဆိုတာ ကျန်ခဲ့သင့်ပြီ။
ရောမရောက်ရင် ရောမလိုကျင့်
စာရေးသူ ပြည်ပမှာ မြန်မာပြည်ကလာတဲ့ ပညာသင်အမျိုးသမီးအချို့နဲ့ ဆုံဖူးတယ်။ ကျောင်းချိန်ကလွဲ ရင် အခြားအချိန်တွေ အဆောင်မှာ ဘုရားစာရွတ်နေကြတာများတယ်။ တရားထိုင်ကြတယ်။ ဘာသာ ရေးမြဲတာ ကောင်းပါတယ်။ ဒါပေမဲ့ သူတစ်ပါးတိုင်းပြည်မှာ ပညာသင်ခွင့်ရခိုက် တစ်နှစ်၊ ၂ နှစ်ဆိုတဲ့ အချိန်ကာလမှာ ဘာသာရေးနဲ့ အချိန်ကုန်မယ့်အစား ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို များများရုန်းကြစေချင်တယ်။ တချို့ဆို သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကား၊ အလကားသင်ခွင့်ရတာ တောင် မသင်ကြတာ တွေ့ဖူးတယ်။ ပြန်ရင် ကိုယ့်နိုင်ငံမှာ ဘာမှအသုံးဝင်မှာ မဟုတ်လို့တဲ့။ သူတို့ နိုင်ငံ၊ သူတို့တက္ကသိုလ်က ဘာသာစကားဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရတာ နည်းတာမှတ်လို့၊ ခရီးသွားလို့ ပိုက်ဆံကုန်မှာစိုးတယ်ဆိုရင်လည်း မြေအောက်ရထားစီး၊ ကြုံတဲ့ဘူတာဆင်း၊ ဝင်ပေါက် တစ်ပေါက်ပေါက်ကထွက်ပြီး အပတ်စဉ်သက်ဆိုင်ရာ နိုင်ငံရဲ့လူမှုနေထိုင်မှု စရိုက်တွေလေ့လာရင် တောင် အကျိုးရှိတာပါပဲ။ စာရေးသူကိုရီးယားမှာ ကျောင်းတက်စဉ် တစ်နေ့နိုင်ငံတကာ သူငယ်ချင်း တွေ၊ ကိုရီးယား သူငယ်ချင်းတွေစုပြီး လျှောက်လည်ကြတယ်။ ပြီးတော့ ထုံးစံအတိုင်း အုပ်စုဖွဲ့ဓာတ်ပုံ ရိုက်ကြ၊ တစ်ယောက်လက်တစ်ယောက်ချိတ်၊ ပုခုံးဖက်ကြပေါ့ဗျာ။ ကျွန်တော်တို့အဖွဲ့ထဲမှာ မြန်မာ ကျောင်းသူ တစ်ယောက်ပါတယ်။ ကိုရီးယားကျောင်းသားတစ်ယောက်က သူ့ပုခုံးလာဖက်လို့ဆိုပြီး ဆတ်ခနဲ ပုတ်ချလိုက်တယ်။ အားလုံးအံ့အားသင့်သွားပေမယ့် ပြုံးနေကြပါတယ်။ သူကအိမ်ထောင် သည်မို့ ဒီလိုလုပ်လိုက်တာပါလို့ နောက်တော့ ကျွန်တော့်ကို ပြောပါတယ်။ တစ်ယောက်ချင်းတွဲရိုက်ကြ တာမှ မဟုတ်ပဲဗျာ။ နည်းနည်းတော့ ပျော့ပျောင်းမှု ရှိရမှာပေါ့။ ဒါနိုင်ငံတကာ ဆက်ဆံရေးပဲ။ အဖက် ခံပါ။ အကိုင်ခံပါ။ ဒါကောင်းတယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ ရောမ ရောက်ရင် ရောမလိုကျင့်ဖို့တော့လိုကြောင်းပါ။
စာများများဖတ်ပါ
လူငယ်အတော်များများ နိုင်ငံရေး စိတ်မဝင်စားကြဘူးလို့ နားလည်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် လည်းဒီဘက်ခေတ်ပြောင်းချိန်မှာမှ ပိုများလာတာဖြစ်ပါတယ်။ မှန်မှန်ကန်ကန် အသိအမြင်နဲ့ နိုင်ငံရေး စိတ်ဝင်စားသူကတော့ အနည်းစုပါ။ နိုင်ငံရေးနားလည်မှုဟာ စာဖတ်စွမ်းအားနဲ့လည်း ဆက်စပ်နေ တော့ ဒီနေ့ခေတ်လူငယ်တွေရဲ့ စာဖတ်စွမ်းအားကိုမြှင့်ဖို့ လိုပါတယ်။ နိုင်ငံရေးစိတ်ဝင်စားပါလို့ ပြော တာအကြောင်းရှိတယ်။ နိုင်ငံရေးလုပ်ပါလို့ ပြောနေတာမဟုတ်ဘူး။ နိုင်ငံရေးနားလည်တဲ့သူတစ် ယောက်၊ စာဖတ်တဲ့သူတစ်ယောက်ဟာ သူများရဲ့အလွယ်တကူ လှည့်ဖျားတာမခံရနိုင်ဘူး။ ဘယ်သူ မှားတယ်၊ မှန်တယ်ဆိုတာ ခွဲခြားနိုင်တယ်။ ဘယ်သူတိုင်းပြည်အပေါ် စေတနာရှိတယ်ဆိုတာ တွက်လို့ ရတယ်။ ဆိုရရင် လူငယ်တွေကြားမှာ နိုင်ငံရေးစိတ်ဝင်စားပြီး နိုင်ငံကိုချစ်တဲ့ စိတ်ဓာတ်အင်အားစုတွေ များများနဲ့မှန်မှန် ဖြစ်ထွန်းပေါ်ပေါက်နေဖို့လိုတယ်။ ဒါမှ ကိုယ့်လူ့အဖွဲ့အစည်းကို ထိန်းကျောင်းနိုင်မယ်။ အခုခေတ်က အနည်းနဲ့အများ ဒီမိုကရေစီခေတ်လို့ ပြောလို့ရနေပြီး ဒီမိုကရေစီဆိုတဲ့ကာလအတွင်း နိုင်ငံရေးလောကမှာ လူလည်တွေ၊ စိတ်ဓာတ်မမှန်တဲ့သူတွေ နေရာများများရလာတတ်တယ်။ သူတို့က ပြောဆိုစည်းရုံးရေးကောင်းတယ်။ လူမှုဆက်ဆံရေးကောင်းတယ်။ လှည့်ပတ်ရန် တိုက်တွန်းပေးတတ် တယ်။ ကိုယ့်ကိုယှဉ်မယ့်သူ ဝင်မလာအောင် အုပ်စုဖွဲ့ပိတ်ဆို့ထားတတ်တယ်။ သူတို့တွေများများ နေရာရလာရင် အောက်ကပြည်သူတွေမလွယ်ဘူး။ တကယ်တော့ ဒါဟာသိပ်တော့ အဆန်းမဟုတ်လှ ဘူး။ နိုင်ငံအတော်များများမှာ နိုင်ငံရေးသမားတွေအပေါ် ပြည်သူလူထုအမြင်က သိပ်မကောင်းလှဘူး။ အမေရိကားမှာလည်း ထိုနည်းလည်းကောင်းပဲ။ ဒါပေမဲ့ အမေရိကားလို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံမျိုးမှာ နိုင်ငံရေးသမားတွေ အပြောနဲ့အလုပ် မညီဘူးပဲပြောပြော၊ အောက်ကပြည်သူတွေက ဉာဏ်ရည်မြင့် တော့ သူတို့လှည့်ချင်သလို လှည့်လို့မရဘူး။ နိုင်ငံရေးသမားတွေကို Civil Society လို့ခေါ်တဲ့ လူထု အခြေပြုအဖွဲ့အစည်းတွေက ပြန်ထိန်းကျောင်းတယ်။ စာရေးသူတို့ မြန်မာပြည်မှာတော့ လူလည် နိုင်ငံရေးသမားတွေလက်ထဲ အာဏာရောက်ပြီး အောက်ခြေက ပြည်သူလူထုရဲ့ နိုင်ငံရေး နားလည်နိုင် စွမ်းသိပ်နိမ့်နေရင် သူတို့လှည့်ချင်သလိုလှည့်ပြီး တိုင်းပြည်ဒုက္ခရောက်ရင် ကိုယ်လည်း ဒုက္ခရောက် တာပဲပေါ့။ ဒီတော့ နိုင်ငံရေးရဲ့ သားကောင်မဖြစ်ရလေအောင် နိုင်ငံရေးနဲ့ သိပ်ခပ်ဝေးဝေးမနေဘဲ နိုင်ငံ တော်နဲ့ နိုင်ငံရေးသမားတွေကို ပြန်ထိန်းကျောင်းနိုင်တဲ့ နိုင်ငံသားတွေဖြစ်အောင် စာများများဖတ်ပါ။
The Vioce Weekly Journal

No comments:
Post a Comment