- Written by ပန်းချီသာစိန် (ပညာရေး)
မူလတန်းကလေးများသည် အသက် ၅နှစ် မှ ၈ နှစ်၊ ၉ နှစ်အရွယ် ကလေးများဖြစ်ကြသည်။ ထိုက လေးများကို ပန်းချီသင်ကြားခြင်းသည် ကလေးတို့၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ထုတ် နိုင်စွမ်းရှိပေသည်။ ရှေးယခင့်ယခင်က သင်ကြားခဲ့သော ပန်းချီပညာရပ်မှာ ပုံတူကူးပန်းချီ၊ ဥပဒေသ များ ဝိုင်းရံနေခဲ့ကြသဖြင့် ကလေးတို့၏စိတ်ကို ထိန်းချုပ်သကဲ့သို့ဖြစ်နေသဖြင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး မှုကို နှေးကွေးစေခဲ့သည်။
ယခုခေတ် ပန်းချီသင်တန်းကြားနည်းစနစ်များသည် ကလေးစိတ်ပညာ (child psychology) ကို သိရှိ ထားသင့်ပေသည်။ သို့မှသာလျှင် ကလေးတို့၏ လေ့လာခြင်းကို မြင့်မားစေသော မျက်စိဖြင့် မမြင်ရ သည့် အနုစိတ် (Higher form of Non visual Art) ကို ဆရာ၊ ဆရာမများ သိရှိနိုင်ပေမည်။ ကလေး တစ်ဦးစီသည် ပတ်ဝန်းကျင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ကိုယ်ကာယ၊ အသိဉာဏ်၊ ဆက်ဆံရေး၊ စိတ်နေစိတ်ထား၊ စိတ်လှုပ်ရှားမှု၊ ဝါသနာတို့မတူကြပေ။ ထို ကလေးများကို ပန်းချီပညာသင်ကြားရာတွင်လည်း သူတို့ ရေးဆွဲတင်ပြသော ပန်းချီကားသည် တစ်ဦး နှင့်တစ်ဦး တူညီကြမည်မဟုတ်ပါ။ ပန်းချီ ဆရာကြီးများရေးဆွဲသကဲ့သို့လည်း ကောင်းမွန်ကြမည် မဟုတ်ပါ။ ကောင်းရန်လည်း မလိုအပ်သေးပေ။
ကလေးတို့၏ စိတ်ကူးဉာဏ် (Thinking) တီထွင်မှု (Creative) စွမ်းရည်နှင့် ကြောင်းကျိုးဆက်စပ် တွေးခေါ် မြော်မြင်မှုသည် တစ်ဦးနှင့်တစ်ဦး တူညီကြမည် မဟုတ်ချေ။ ကလေးများရေးဆွဲသော ပန်းချီ ကားများကိုမူတည်၍ ဆရာသည် ကလေးတို့၏အောင်မြင်မှုများကို သုံးသပ်ပြီး၊ သေသပ် သပ်ရပ်ခြင်း၊ စိတ်ကူးဉာဏ်ကောင်းခြင်း၊ တီထွင်ဖန်တီးမှုရှိခြင်း ပန်းချီကားဖွဲ့စည်းမှုကောင်းခြင်း၊ အနီးအဝေးပါရှိ ခြင်း၊ အရောင်အသွေး အထားအသို ကောင်းခြင်းတို့ကို ဆရာများက ချီးမွမ်းပေးခြင်း၊ ပန်းချီအပေါ် စိတ်ဝင်စားရန် တိုက်တွန်းပေးသင့်သည်။
ဆရာသည်ကလေးတို့၏ ပန်းချီကားများကို ပြစ်တင်နှိမ့်ချ ပြောဆိုခြင်းမှ ရှောင်ကြဉ်သင့်ပေသည်။ ကလေးတို့ကို ပန်းချီကားတစ်ချပ်တွင်ရှိသင့်ရှိအပ်သော၊ အနီးအဝေး အထားအသို၊ စက္ကူအရွယ်အစား ပေါ် မူတည်၍အပြည့်ရေးဆွဲရန်အတွက် ကလေးများကိုပန်းချီရေးဆွဲခြင်းမတိုင်မီ ဆရာကပြောဆိုသင် ကြား ဆွေးနွေးသင့်ပေသည်။ ပန်းချီဆရာများ ရေးဆွဲထားသောပန်းချီကားများကို တစ်ဆင့်ကူးယူ ရေး ဆွဲခြင်းကို အားမပေးသင့်ပေ။ ဤသို့ ကူးယူရေးဆွဲထားသောပန်းချီကားများကို တစ်ဆင့်ကူးယူ ရေးဆွဲ ခြင်းကိုအားပေးမိပါက ကလေးတို့၏ အညွန့်တလူလူတက်နေသော စဉ်းစားဉာဏ်၊ ဆန်းသစ် တီထွင် ဉာဏ်၊ ဉာဏ်ရည်မြင့်မားမှုတို့ကို ချိုးနှိမ်သည့်အဖြစ်သို့ ရောက်ရှိသွားပေမည်။ ကူးယူရေးဆွဲခြင်းမရှိဘဲ ကလေးတို့ကိုယ်တိုင် ရေးဆွဲခြင်းကိုလိုက်လျောခြင်းဖြင့် ကလေးတို့၏ အမှတ်မထင်တီထွင်ဖန်တီးမှု (Unconscious creative Approach) ကိုရရှိလာပေမည်။
ကျောင်းများတွင် ပန်းချီသင်ကြားခြင်းသည် အဓိကအားဖြင့် ပန်းချီဆရာကြီးများဖြစ်လာရန် ရည်ရွယ် ခြင်း မဟုတ်ကြောင်း မိမိတို့၏ အိမ်၊ ရပ်ရွာ၊ စာသင်ခန်း၊ ကျောင်း၊ ထိုမှတစ်ဆင့် လုပ်ငန်းခွင်တို့ကို လှလှပပသေသပ်စွာ မွမ်းမံတတ်စေရန် သဘာဝအလှကို မြတ်နိုးတတ်စေရန်ဖြစ်ကြောင်းကို ဆရာများ သိထားသင့်သည်။
ထို့ပြင်ဆရာသည် ကလေးပန်းချီကိုကလေးများစိတ်ဝင်စားစေရန် နာမည်ကျော် ကမ္ဘာသိ၊ မြန်မာသိ၊ ပန်းချီကျော် ပန်းချီဆရာကြီးများ၏အကြောင်းကို စာကြည့်တိုက်များတွင် ရှာဖွေ၍ကလေးများအား ပြောပြသင့်ပါသည်။ ပြောပြရာတွင် ပန်းချီဆရာတစ်ဦးဖြစ်လာရန် မည်သို့မည်ပုံကြိုးစားခဲ့ရပုံ၊ အခက် အခဲတို့ကိုလည်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပုံတို့ကို ပြောပြသင့်ပေသည်။
အီတလီပြည်သား ပန်းချီဆရာကြီးလီအိုနာဒိုဗင်စီသည် ဆေးသုတ်သမားဘဝမှ ဗိသုကာပုံဆွဲဆရာ၊ တွေးခေါ်မြော်မြင်ရေးသမားကြီးအဖြစ် ရောက်ရှိခဲ့ပုံ၊ ဗင်စီသည် ၁၅ဝဝ ပြည့်နှစ်ကာလများက မီလန်မြို့ရှိ စိန့်မာရီယာဒယ်လီကရေစီ ဘုရားရှိခိုးကျောင်းရှိ အုတ်နံရံပေါ်တွင်လေးငါးနှစ်ကြာအောင် ဇွဲနပဲကြီးမားစွာ ပန်းချီရေးဆွဲခဲ့ပုံများသည် ဗဟုသုတအဖြစ် ပြောပြသင့်ပါသည်။ ထို့ပြင် အခြားပန်းချီ ကျော်များဖြစ်သော ရှဂါး၊ မိုက်ကယ်အင်ဂျလို၊ ပီကာဆို စသည့် ပန်းချီကျော်များအကြောင်းကို ဇွဲလုံ့လ ရှိစေရန် ရည်ရွယ်၍ ပြောပြသကဲ့သို့ မြန်မာပန်းချီကျော်များဖြစ်ကြသော ဆရာကြီးဘဉာဏ်၊ ဆရာကြီး ဦးဘဇော်၊ ဆရာကြီးဦးငွေကိုင်၊ ဆရာကြီးဦးဘကြည်စသည်တို့၏ အကြောင်းအရာများကို ပြောပြ ခြင်းဖြင့် အရာရာတိုင်းတွင် ကြိုးစားချင်သောစိတ်၊ စူးစမ်းလိုသောစိတ်၊ ယဉ်ကျေးမှုကိုထိန်းသိမ်း ကာကွယ်လိုစိတ်များ ကလေးများတွင် ကိန်းဝပ်သွားပေမည်။
နိုင်ငံတကာ ကလေးပန်းချီပြိုင်ပွဲများတွင်ဆုရသော ပန်းချီကားများကိုကြည့်လျှင် ထိုပန်းချီကားများ သည် ပန်းချီဆရာကြီးများကဲ့သို့ ရုပ်လုံးပေါ်လွင်ခြင်းမရှိသော်လည်း ကလေးတို့၏ စိတ်ကူးဉာဏ်၊ တီထွင်မှု၊ ကြောင်းကျိုးဆက်စပ် ဆီလျော်မှုကို အရေးပေး၍ ဆုချီးမြှင့်ကြကြောင်း သိရှိနိုင်ပေသည်။
ပန်းချီပညာကို သင်ကြားရာတွင်ဆရာသည် မူလတန်းကလေးများနှင့် ကိုက်ညီသောအကြောင်းအရာ၊ ခေါင်းစဉ်များကို ပုံပြောသကဲ့သို့ပြောပြပြီးမှသာ လွတ်လပ်စွာ ရေးဆွဲစေခြင်း၊ ရောင်စုံ စက္ကူများဖြင့် ဖြတ်၊ ညှပ်၊ ကပ်စေခြင်း (Pattern Design) ပန်းအလှကွက်များ စိတ်ကူးဖြင့် သရုပ်ဖော်စေခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်စေခြင်းများ ပြုလုပ်ပေးသင့်ပါသည်။
ကလေးများသည် ပန်းချီပညာဘာသာရပ်ကို စိတ်ဝင်စားလာသည့်အခါ သူတို့၏ နေ့စဉ်တွေ့ကြုံရ သော အကြောင်းအရာများကို ပေါ့ပေါ့တန်တန်စိတ်ဖြင့် မနေဘဲ မြင်သမျှ အရာဝတ္ထု၊ လူတိရစ္ဆာန်၊ သစ်ပင်တို့ကို စေ့စပ်သေချာစွာ ကြည့်ရှုမှတ်သား၊ စူးစမ်းလေ့လာတတ်သော အလေ့အကျင့် ကောင်းများ ရရှိသွားပေမည်။ ကလေးတို့သည် အောင်မြင်မှုကို လိုလားသည့်အလျောက် ယင်းတို့ရေးဆွဲသော ပန်းချီကားများကို အများမြင်နိုင်သော နေရာများတွင် ချိတ်ဆွဲပြသပေးခြင်း၊ လူပုံ အလယ်တွင် ဆုများချီးမြှင့်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။ ထိုသို့ ပြုလုပ်ပေးခြင်းသည် ပန်းချီပညာကို စိတ်ဝင်စားလာစေရန်ဖြစ်သည်။
ဤကဲ့သို့ ကလေးပန်းချီပညာဖြင့်ကလေးတို့၏ စိတ်ဓာတ်ကို သိရှိအောင်ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ တိုးတက်အောင် ပြုလုပ်ပေးခြင်းဖြင့် ပညာသင်ကြားရေးတွင် အထောက်အကူရရှိခြင်း၊ ပါရမီဗီဇကို ထိန်းသိမ်းဖော်ထုတ်ပေးရာ ရောက်သည်။ သို့ဖြစ်၍ ဆရာသည် ကလေးတို့၏ ပညာရေးဆိုင်ရာ တန်ဖိုး (Educational Value) ကို သိရှိပြီး၊ ထူးချွန်ထက်မြက်သောကလေးများ အဖြစ်သို့ လွယ်ကူစွာ ရောက်ရှိအောင် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
ပညာတန်ဆောင် (မဂ္ဂဇင်း)

No comments:
Post a Comment