- Written by ဟိန်းဟိန်း
ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မေရီချက်ပ်မင်း နားမကြားသောကလေးများကျောင်းမှ ကျောင်းသား၊ ကျောင်းသူရှစ်ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို မိန်းကလေးခြောက်ဦး၊ ယောက်ျားလေးနှစ်ဦးက ဝိပ္ပံဘာသာတွဲဖြင့် ဖြေဆိုသွား မည်ဖြစ်ကြောင်း သိရသည်။
"နားမကြားကျောင်းက ကလေးတွေက တက္ကသိုလ်ဝင်တန်းရောက်ဖို့ခက်ခဲတယ်။ အများအားဖြင့်က အဋ္ဌမတန်းအထိပဲ နေကြတယ်။ တက္ကသိုလ်ဝင်တန်းဘာသာရပ်မှာ သူတို့အတွက် လက်သင်္ကေတ ဘာသာစကားမရှိဘူး။ နားမကြားထဲမှာ ပညာတတ်များလာမှ သူတို့ကိုပြန်လည် သင်ကြားရတဲ့ နေရာမှာ ပိုလွယ်လာမယ်။ မျက်စိမမြင်သူတွေဆိုရင် နားကြားတယ်။ စကားပြောတတ်တဲ့အတွက် သင်ကြားရလွယ်ကူသေးတယ်။ နားလဲမကြား စကားလဲ မပြောတတ်တဲ့အတွက် အဆင့်မြင့်တဲ့ ဘာသာရပ်ကို လက်သင်္ကေတဘာသာအတွက် အခက်အခဲရှိတယ်" ဟု မေရီချက်ပ်မင်း နားမကြား ကျောင်းမှ ဆရာမဒေါ်လေးလေးထူးက ပြောသည်။
မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းတွင် တစ်နှစ်ထက်တစ်နှစ် ကျောင်းသားဦးရေ များပြားလာပြီး ၂ဝ၁၂-၁၃ ပညာသင်နှစ်တွင် ကျောင်းသား ၃ဝဝ ကျော်ရှိကြောင်း သိရသည်။
"အဲဒီကလေးတွေနားလည်နိုင်ဖို့ မိဘတွေကလဲ လက်သင်္ကေတဘာသာစကားကို သင်ကြားထား ရတယ်။ အမျိုးမျိုးလုပ်ပြီးသင်ပေးရတယ်။ မိဘတင်မဟုတ်ဘူး။ အိမ်မှာရှိတဲ့လူအကုန်လုံး စိတ်ရော လူရောပင်ပန်းတယ်။ ကလေးတွေအနေနဲ့လဲ ခက်ခဲပင်ပန်းတယ်။ သင်ပေးရတဲ့ဆရာမတွေမှာလဲ ခက်ခဲတယ်။ စေတနာထားရတယ်။ ကလေးတွေက ပညာကိုလိုချင် တတ်ချင်ကြတယ်" ဟု အဆိုပါကျောင်းမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်တင်နန္ဒာထွန်းက ပြောသည်။
ယင်းကျောင်းသားများကို အဆိုပါကျောင်းမှ တက္ကသိုလ်ဝင်းတန်းအောင်ပြီးသူများကလည်း လုပ်အား ပေးအနေဖြင့်လာရောက် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
"ဒီကျောင်းက ကလေးတွေဟာမွေးကတည်းက နားမကြားသူတွေနဲ့ အရင်ကနားကြားပြီး အကြောင်း တစ်ခုခုကြောင့် နားမကြားတဲ့ကလေးတွေ ဖြစ်တယ်။ ဒါကြောင့်လူတိုင်းလူတိုင်းကို သတိထားကြဖို့ လိုပါတယ်" ဟု အဆိုပါ ဆရာမက ဆက်လက်ပြောကြားသည်။
မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများသည် အခြေခံ အတန်းမှ ဆဋ္ဌမတန်းအထိ စကားပြောခြင်း၊ လက်ဖြင့် စာလုံးပေါင်းခြင်း၊ လက်ဖြင့်ရုပ်လုံးဖော်ခြင်းများ သင်ကြားပေးပြီး သတ္တမတန်းမှ ဒသမတန်းအထိ အ.ထ.က (၃) ဒဂုံတွင် ပညာသင်ကြားရကြောင်း သိရသည်။
အဆိုပါကျောင်းတွင် သက်လွန်ကလေးများကို အသုံးလုံးကျွမ်းကျင်မှုရအောင် သင်ပေးပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း ဆက်လက်သင်ကြားပေးကြောင်း သိရသည်။
မေရီချက်ပ်မင်း နားမကြားသော ကလေးများကျောင်းတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးရှိပြီး ယခင်နှစ်က ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး ဝင်ရောက်ဖြေဆို ခဲ့ကြောင်းသိရသည်။

No comments:
Post a Comment